မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် ၂၀၁၅ ဆီးဂိမ်းစ် အုပ်စု(က) တတိယ
ပွဲစဉ်အဖြစ် ဖိလစ်ပိုင် ယူ၂၃ အသင်းနှင့် ဒေသစံတော်ချိန် ယနေ့ည (၈း၃၀)နာရီက
စင်ကာပူရှိ ဂျလန်ဘီဆာ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ (၅-၁)ဂိုးဖြင့်
အနိုင်ရရှိခဲ့ပြီး ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ်(၉)မှတ်ဖြင့် ဆီမီးဖိုင်နယ်
သို့ တက်ရောက်သွားပြီဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဖိလစ်ပိုင်
အသင်း ၁၆ မိနစ်တွင် မထင်မှတ်ဘဲ
ဂိုးရရှိသွားသဖြင့် ချေပဂိုးပြန် ရရင် ကြိုးပမ်းခဲ့ရာ မိနစ် ၂၀ တွင်ရရှိသော
ပြစ်ဒဏ်ဘောကို နေလင်းထွန်း အသုံးချ သွားနိုင်ခဲ့သဖြင့် ချေပဂိုး
ရရှိခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း အပိုင်ကန်သွင်းခွင့်များ
လွဲချော်ခဲ့သဖြင့် (၁-၁)ဂိုး သရေဖြင့်သာ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း စသည်နှင့် မြန်မာအသင်း တိုက်စစ်လျင်လျင်မြန်မြန်ဖြင့် ထိုးဖောက် ခဲ့ရာ ရှိုင်းသူရ ကန်သွင်းချက်ဖြင့် ဒုတိယဂိုး ရရှိခဲ့သည်။ ယင်းနောက် ပွဲချိန် ၆၂ မိနစ်တွင် ရဲဝင်းအောင်၊ ၆၉ မိနစ်တွင် စည်သူအောင်၊ ထပ်ဆောင်း အချိန်ပိုတွင် ကျော်ဇင်လွင်တို့ ဂိုးကိုယ်စီ သွင်းယူခဲ့သဖြင့် မြန်မာ အသင်း (၅-၁)ဂိုးဖြင့် အနိုင်ရကာ ရမှတ် ၉ မှတ်ဖြင့် ယခုနှစ် စင်ကာပူ ဆီးဂိမ်းစ် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
" တစ်ပွဲစီ အနိုင်ရဖို့ ကြိုးစားခဲ့တယ်။ ၃ ပွဲဆက် အနိုင်ကြောင့် ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်အတွက် ယုံကြည်မှု ပိုရှိလာခဲ့ပါတယ်။ ပရိသတ် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပရိသတ်ကြောင့် အသင်းမှာ ယုံကြည်မှု ပိုရတာလည်း ပါပါတယ်။ ကစားသမားအချို့ကို နောက်ပွဲအတွက် အသင့်ဖြစ်နေအောင် လူစားထိုးမှု လုပ်ရတာပါ။ ဒီပွဲ ပထမပိုင်းမှာ အမြင့်ဘောတွေ အသုံးများခဲ့လို့ ထိရောက်မှု မရှိခဲ့သလို အမှားလည်းရှိခဲ့တယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ အနိမ့်ဘောတွေနဲ့ ထိုးဖောက်ဖို့၊ အမှားနည်းဖို့ သေသေချာချာ မှာခဲ့ပါတယ်။ ကစားသမားတွေ အနေနဲ့လည်း လိုချင်တဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့လို့ ခုလို ရလဒ်ကောင်းတာပါ" ဟု နည်းပြချုပ် ဦးကြည်လွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာ ယူ၂၃ အသင်းအနေဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် အုပ်စု နောက်ဆုံးပွဲစဉ် ကစားရမည် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

0 comments :
Post a Comment