Saturday, 6 June 2015

နှစ်ပွဲဆက် အနိုင်ရရှိထားသည့် မြန်မာ ယူ-၂၃ အသင်း ယနေ့ ယှဉ်ပြိုင်ကစားရမည့် ဖိလစ်ပိုင်အသင်းနှင့်ပွဲတွင် အနိုင်ရရှိလျှင် ဆီမီးဖိုင်နယ်တက်ခွင့်ရမည်
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များကို ဇွန် ၇ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ပွဲဆက် အနိုင်ရရှိထားသည့် မြန်မာ ယူ-၂၃ အသင်းသည် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ ယခုပွဲစဉ်မှာ မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရန် အရေးပါလျက်ရှိပြီး ဖိလစ်ပိုင်အသင်းကို အနိုင်ကစားလျှင် ဆီမီးတစ်aနရာ သေချာမည်ဖြစ်သည်။
ဇွန် ၆ ရက်ပွဲစဉ်များအပြီးတွင် မြန်မာအသင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ခြောက်မှတ်ဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိပြီး ဖိလစ်ပိုင်အသင်းမှာမူ နှစ်ပွဲစလုံးရှုံးနိမ့်ကာ အမှတ်မရရှိသေးပေ။ မြန်မာအသင်းသည် အုပ်စု၌ အင်အား အတောင့်တင်းဆုံးအသင်းများဖြစ်သည့် အင်ဒိုနီးရှားနှင့် အိမ်ရှင် စင်ကာပူအသင်းတို့ကို အနိုင်ကစားထားသော်လည်း ဆီမီးတက်ရောက်ရန်အတွက် ယခုပွဲစဉ်မှာ အရေးပါနေဆဲဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ အောင်မြင်မှု ကြီးကြီးမားမားမရှိသလို၊ ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ အောင်မြင်မှုမရရှိခဲ့မှုအပေါ် ပြန်လည်ချေဖျက်ရန် ကြိုးပမ်းလျက်ရှိပြီး ဆီမီးဖိုင်နယ်သို့ ပြန်လည်တက်ရောက်ခွင့်ရရှိရန် အခြေအနေကောင်းများ ပိုင်ဆိုင်နေပြီဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၁ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့ပြီး အုပ်စုအဆင့်တွင် ဖိလစ်ပိုင်အသင်းနှင့် တွေ့ဆုံရာတွင် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
အုပ်စုပွဲစဉ်များမှာ လာမည့် ဇွန် ၁၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး အုပ်စု(က)ပွဲစဉ်များကို ဂျလန်းဘီဆာကွင်းနှင့် အုပ်စု(ခ)ပွဲစဉ်များကို ဘစ်ရှန်းကွင်းတို့၌ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဘောလုံးအားကစားနည်းမှာ ပရိသတ်အများဆုံး လာရောက်ကြည့်ရှုသည့်ပြိုင်ပွဲဖြစ်နေပြီး အခြားအားကစားနည်းများ၌ ပရိသတ်ကြည့်ရှုမှုနူန်းမှာ နည်းပါးလျက်ရှိသည်။ ဘောလုံးပြိုင်ပွဲမှာ ဇွန် ၁၅ ရက်၌ ပြီးဆုံးမည်ဖြစ်သည်။
.

0 comments :

Post a Comment